ဘာသာစကား

ဒီနေ့မှာတော့ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ဟာ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေအတွက် တရားဥပဒေစိုးမိုးရေး အားကောင်းလာစေဖို့ အမေရိကန်ပြည်ထောင်စုအစိုးရရဲ့ သိသာထင်ရှားတဲ့ကတိကဝတ်ကို ကြေညာရာမှာ ပြည်ထောင်စုရှေ့နေချုပ်ရုံးနဲ့ ပူးပေါင်း ပါဝင်ခဲ့ပါတယ်။

ပြည်ထောင်စုရှေ့နေချုပ်ရုံးဟာ ၂၀၂၀ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ ၄င်းတို့ရဲ့ (၅) နှစ်တာ မဟာဗျူဟာ အစီအစဥ်ကို စတင်မိတ်ဆက်တာ ဖြစ်ပါတယ်။ ဌာနအားလုံးမှာ ခေတ်မှီတိုးတက်ပြီး နိုင်ငံတကာက လက်ခံတဲ့ လုပ်ထုံးလုပ်နည်းတွေကို ကျင်းသုံးခြင်းအားဖြင့် ဒီအစီအစဥ်ဟာ ပြည်ထောင်စု ရှေ့နေချုပ်ရုံးရဲ့ အဖွဲ့အစည်းဆိုင်ရာစွမ်းရည်တွေကို တည်ဆောက်ပေးမှာ ဖြစ်ပါတယ်။ ဒီကြိုးစားအားထုတ်မှုဟာ ဘယ်လောက်အရေးပါတယ်ဆိုတာကို မိမိတို့အားလုံး နားလည်ပြီး၊ ချီးကျူးမိပါတယ်။ ဒီမဟာဗျူဟာအစီအစဥ်ကို ရေးဆွဲဖို့အတွက် လူကြီးမင်းတို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို ထောက်ပံ့ပေးရာမှာ အမေရိကန်ပြည်ထောင်စုဟာ ပြည်ထောင်စုရှေ့နေချုပ်ရုံးနဲ့ ပူးပေါင်းခွင့်ရလို့ ဂုဏ်ယူမိပါတယ်။

မြန်မာပြည်သူတွေအတွက် တရားဥပဒေစိုးမိုးရေး အားကောင်းလာစေဖို့ အစိုးရအနေနဲ့ ကြိုးပမ်းရာမှာ ပြည်ထောင်စုရှေ့နေချုပ်ရုံးဟာ အဓိကအကျဆုံးအင်စတီကျူးရှင်းဖြစ်ပါတယ်။ USAID၊ မိမိတို့ရဲ့ တရားရေးဌာနနဲ့ နိုင်ငံခြားရေးရာဝန်ကြီးဌာနက တဆင့် အမေရိကန်ပြည်ထောင်စုရဲ့ ပြည်သူတွေဟာ အားလုံးအတွက် တရားမျှတမှုကို ဖော်ဆောင်ပေးနိုင်မယ့် ပန်းတိုင်ကို ရောက်ရှိဖို့အတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးနဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ တစိုက်မတ်မတ် လုပ်ဆောင်နေပါတယ်။

နောက်လာမယ့်ငါးနှစ်မှာ အနာဂတ်လုပ်ဆောင်မှုတွေအတွက် ဒီကောင်းမွန်တဲ့အစီအစဥ်ကို ရေးဆွဲရာမှာ ပြည်ထောင်စုရှေ့ချုပ်ရုံးရဲ့ ဝန်ထမ်းတွေရဲ့ ကြိုးစားအားထုတ်မှုကို မိမိတို့အားလုံး အသိအမှတ်ပြုပါတယ်။

USAID ရဲ့ မြန်မာနိုင်ငံအတွင်းတရားဥပဒေစိုးမိုးမှုမြှင့်တင်ရေးစီမံကိန်းဟာ လူသားစွမ်းရည်နဲ့ အဖွဲ့အစည်းပိုင်းဆိုင်ရာစွမ်းရည်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လေ့လာဆန်းစစ်အကဲဖြတ်မှုတစ်ခုကို ၂၀၁၉ ခုနှစ် အစောပိုင်းမှာ လုပ်ဆောင်ခဲ့ကတည်းက ပြည်ထောင်စုရှေ့နေချုပ်ရုံးနဲ့ ပူးပေါင်းဆောင်ရွက်မှုကို စတင်ခဲ့ပါတယ်။ ရှေ့နေချုပ်ကြီးရှင့်၊ လူကြီးမင်းရဲ့ ဝန်ထမ်းတွေဟာ ဒေတာ (အချက်အလက်) တွေကို လေ့လာခဲ့ပြီး အဖွဲ့အစည်းရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ၊ မူဝါဒတွေနဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် လေ့လာသုံးသပ်မှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ ဒီလေ့လာသုံးသပ်မှုဟာ လူကြီးမင်းရဲ့ လုပ်ငန်းဆောင်ရွက်မှုနယ်ပယ်ကဏ္ဍကို အသေးစိတ်နားလည်စေခဲ့ဖို့ အထောက်အကူဖြစ်စေခဲ့ပါတယ်။ လူကြီးမင်းတို့ရဲ့ ပန်းတိုင်နဲ့ ရည်ရွယ်ချက်တွေကို ရောက်ရှိမှုနဲ့ပတ်သက်ပြီး လူကြီးမင်းတို့ရဲ့ ရလဒ်တွေကို သုံးသပ်နိုင်ဖို့အတွက် လူကြီးမင်းတို့မှာ ခိုင်မာတဲ့ မူဘောင်ရှိပါတယ်။ မြန်မာပြည်သူတွေအားလုံးကို တရားဥပဒေစိုးမိုးရေး၊ ဝန်ဆောင်မှုပေးဖို့အတွက် ဒီအချက်ဟာ လူကြီးမင်းရဲ့ ရှင်းလင်းပြတ်သားတဲ့ ကတိကဝတ်ကို ဖော်ပြပေးနေပါတယ်။

တရားဥပဒေစိုးမိုးရေးစင်တာတွေနဲ့ တရားရေးကဏ္ဍရဲ့ မဟာဗျူဟာအစီအစဥ်အတွက် ပြည်ထောင်စု ညှိနှိုင်းရေးအဖွဲ့ရဲ့ ပန်းတိုင်တွေ၊ ရည်ရွယ်ချက်တွေကို တိုးတက်စေဖို့ လူကြီးမင်းရဲ့ မဟာဗျူဟာအစီအစဥ်ကို ရေးဆွဲထားပါတယ်။ ဒီကဏ္ဍနဲ့ပတ်သက်ပြီး တရားရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးမှာ လူကြီးမင်းအနေနဲ့ တက်ကြွတဲ့ အခန်းကဏ္ဍကပါဝင်ဖို့ ကတိပြုထားတဲ့ ပြည်ထောင်စု ရှေ့နေချုပ်ရုံးရဲ့ မဟာဗျူဟာအစီအစဥ် ပန်းတိုင်နံပါတ် (၅) ကို အစိုးရရဲ့ အသေးစိတ်အစီအစဥ်က အများကြီးလွှမ်းမိုးထားပါတယ်။ လူကြီးမင်းရဲ့ ကြိုးပမ်းမှုတွေအတွက် ချီးကျူးလိုပါတယ်။ ဒီအရေးကြီးတဲ့ဖြစ်စဥ်မှာ ပါဝင်ခွင့်ရလို့ USAID အနေနဲ့လည်း ဂုဏ်ယူမိပါတယ်။

လူကြီးမင်းရဲ့ မဟာဗျူဟာအစီအစဥ်ဟာ ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဝန်ထမ်းအားလုံး ဂုဏ်ယူသင့်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ဒီအစီအစဥ်ဟာ အများကြီးမျှော်မှန်းထားပြီး ရှေ့ကိုမျှော်ကြည့်ထားတဲ့ အစီအစဥ်ဖြစ်ပါတယ်။ မြန်မာပြည်သူတွေနဲ့ အစိုးရကို အရည်အသွေးမြင့်မားတဲ့ ဝန်ဆောင်မှုတွေ ပေးရာမှာ ထိရောက်ပြီး သက်သာမြန်ဆန်တဲ့ လုပ်ဆောင်ချက်တွေနဲ့ စီမံအုပ်ချုပ်မှုတွေဟာ အခြေခံဖြစ်တယ်လို့ ပထမပန်းတိုင်က အသိအမှတ်ပြုထားပါတယ်။ ဒါပေမယ့် လူကြီးမင်းတို့ သိပြီးဖြစ်တဲ့အတိုင်း သက်သာမြန်ဆန်မှုတစ်ခုတစ်ခုတည်းနဲ့တော့ မလုံလောက်ပါဘူး။

အစိုးရရှေ့နေအနေနဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့ အခန်းကဏ္ဏမှာ အစိုးရနဲ့ စီးပွားရေးအတွင်း ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက်လုပ်ဆောင်ဖို့နဲ့ အောင်အောင်မြင်မြင် လည်ပတ်နိုင်တဲ့ အစိုးရဖြစ်လာဖို့အတွက်  အစိုးရနဲ့ လွှတ်တော်ကို ကောင်းမွန်တဲ့ အကြံဉာဏ်တွေ ပေးဖို့လိုအပ်တယ်လို့ ဒီအစီအစဥ်က အသိအမှတ်ပြုထားပါတယ်။

လူကြီးမင်းရဲ့  ဥပဒေအရာရှိတွေဟာ တရားမျှမှုရှိတဲ့ ရာဇဝတ်မှုဆိုင်ရာ တရားရေးစနစ်မှာ အဓိကမဏ္ဏိုင်တွေ ဖြစ်လာပြီး အစိုးရရှေ့နေတွေရဲ့ အခန်းကဏ္ဍကို တိုးမြှင့်အတွက် လူကြီးမင်းတို့ဟာ တစိုက်မတ်မတ် လုပ်ဆောင်နေပြီး ဖြစ်ပါတယ်။ ဒီအစီအစဥ်ဟာ အများပြည်သူတွေရဲ့ ယုံကြည်မှုရဲ့ အရေးပါမှုကို အသိအမှတ်ပြုထားပါတယ်။ ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့ စွမ်းဆောင်ရည်မြှင့်မားမှုနဲ့အတူ ဥပဒေအရာရှိတွေကို အမြှင့်ဆုံးကျွမ်းကျင်ပညာရှင်အဆင့်မှာ ကိုင်စွဲထားခြင်းအားဖြင့် ယုံကြည်ကိုးစားထိုက်တဲ့ဂုဏ်သိက္ခာကို ရရှိနိုင်မှာဖြစ်ပါတယ်။ တရားမျှတတဲ့ တရားစီရင်ရေးအဆင့်တွေနဲ့ ကျင့်ဝတ်တွေအပေါ် လူကြီးမင်းတို့ အလေးထားလုပ်ဆောင်ခြင်းဟာ ဒီအရေးပါတဲ့ အင်စတီကျူးရှင်းအပေါ် အများပြည်ရဲ့ယုံကြည်လက်ခံလာမှု ပိုမိုရရှိဖို့ လုပ်ဆောင်နိုင်ပါလိမ့်မယ်။

ပြည်ထောင်စုရှေ့နေချုပ်ရုံးဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို တိုးမြှင့်လုပ်ဆောင်ဖို့ အစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုတွေရဲ့ အချက်အချာဖြစ်ပါတယ်။ နောက်ဆုံးပန်းတိုင်မှာ ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်လာဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ တရားရေးကဏ္ဍကို အားကောင်းလာအောင်ပြုလုပ်ရာမှာ ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုထားပါတယ်။ 

ဒီအရေးကြီးတဲ့ မဟာဗျူဟာအစီအစဥ် စတင်ရာမှာ လူကြီးမင်းတို့နဲ့အတူ ပါဝင်ဆင်နွဲခွင့်ရလို့ ကျမအနေနဲ့ ဂုဏ်ယူပါတယ်။ ဒီမဟာဗျူဟာအစီအစဥ်ဟာ မိမိတို့ကို ဆယ်စုနှစ်အသစ်တစ်ခုသို့ ခေါ်ဆောင်သွားပါလိမ့်မယ်။ ဒီအရေးပါတဲ့ စီမံကိန်းကို အကောင်ဖော်မှုကို တိုးမြှင့်လုပ်ဆောင်ဖို့အတွက် အမေရိကန်ပြည်ထောင်စုအစိုးရဟာ ပြည်ထောင်စုရှေ့နေချုပ်ရုံးနဲ့ မိတ်ဘက်ပူးပေါင်းလုပ်ဆောင်မှုကို တစ်စိုက်မတ်မတ်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ရှေ့လာမယ့် လုပ်ငန်းဆောင်တာတွေမှာ စိတ်ခေါ်မှုတွေ ရှိလာပါလိမ့်မယ်။ ဒါပေမယ့် ဒါဟာ ကောင်းမွန်ပြီးတော့ လုပ်သင့်တဲ့ အလုပ်လည်းဖြစ်ပါတယ်။

Image
USAID/Burma