ဘာသာစကား

ချက်ချင်းထုတ်ပြန်ရန်

29-02-2024

သတင်းထုတ်ပြန်ချက်

ထိုင်းနိုင်ငံနှင့် ဒေသတွင်းနိုင်ငံများရှိ အဆင့်မြင့်ပညာရေးတက္ကသိုလ်များ (ပညာရေး အဖွဲ့အစည်းများ) နှင့် အမေရိကန်ပြည်ထောင်စုတို့ ပူးပေါင်းကာ မြန်မာနိုင်ငံမှ ကျောင်းသူ ကျောင်းသားများအတွက် ပေးအပ်သော အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ၏ မတူကွဲပြားမှုနှင့် အားလုံးပါဝင်ခွင့်ရှိသော ပညာသင်ဆုအစီအစဉ် မိတ်ဆက်ခြင်း အခမ်းအနားကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ 

ဤငါးနှစ်စီမံကိန်း ပညာသင်ဆုအစီအစဉ်ဖြင့် ထိုင်းနိုင်ငံနှင့် ဒေသတွင်းနိုင်ငံများ၏ အဆင့်မြင့်တက္ကသိုလ်များမှ ပညာရေးဘွဲ့များအပြင် အမေရိကန်ပြည်ထောင်စု အရီဇိုးနားတက္ကသိုလ်မှ သင်ကြားပို့ချသော အွန်လိုင်းဘာသာရပ်များကိုလည်း မြန်မာနိုင်ငံမှ ကျောင်းသူကျောင်းသား ၁,၀၀၀ ကျော် ပညာသင်ကြားခွင့် ရရှိပါမည်။  

ဤပညာသင်ဆုသည် မြန်မာနိုင်ငံတွင်းရှိ အခွင့်ရေးဆုံးရှုံးမှု အများဆုံး ရင်ဆိုင်နေရသော လူငယ်များအား ဦးစားပေး ကူညီထောက်ပံ့ပေးသွားပြီး၊ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုအား အကျိုးပြုမည့် မျိုးဆက်သစ်လူငယ် ခေါင်းဆောင်များအား အဆင့်မြင့်ပညာရေးဖြင့် စွမ်းအားမြှင့်တင်သွားရန် ရည်ရွယ်သည့် ပညာရေးအစီအစဉ် ဖြစ်ပါသည်။

“နိုင်ငံ့လူဦးရေရဲ့ ၄၅ ရာခိုင်နှုန်းဟာ အသက် ၂၅ နှစ်အောက် လူငယ်လူရွယ်များဖြစ်ပြီး၊ မြန်မာနိုင်ငံဟာ ယင်းလူငယ်တွေ မျိုးဆက်ပျောက်ဆုံးမည့် (အနာဂတ်မဲ့) အခြေအနေကို ရင်ဆိုနေရပါတယ်။ ဒီလို စိုးရိမ်ဖွယ်အခြေအနေမျိုးကို မြန်မာနိုင်ငံက ရင်ဆိုင်နေရတာကြောင့် ယခု ပညာသင်ဆုအစီအစဥ်ဟာ ယင်းအခြေအနေကို ကာကွယ်နိုင်အောင် အမေရိကန်ပြည်ထောင်စုရဲ့ ကြိုးပမ်းလုပ်ဆောင်ချက်တွေထဲက တစ်ခုဖြစ်ပါတယ် “ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးအကြီးအကဲ ဆူဆန်စတီဗင်ဆင်က ပြောပါသည်။ 

ဒီပညာသင်ဆုအစီအစဉ်ဟာ ဒေသတွင်းမှာရှိတဲ့ အဆင့်မြင့်ပညာရေးအဖွဲ့အစည်းတွေအတွက် မဟာဗျူဟာမြောက် ပညာရေးရင်းနှီးမြှုပ်နှံမှု ဖြစ်သလို မြန်မာနဲ့ ကမ္ဘာတဝှမ်း ပိုမို အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေဖြစ်ဖို့အတွက် ကျွန်တော်တို့ရဲ့ ကြိုးပမ်းလုပ်ဆောင်ချက် ဖြစ်ပါတယ်”ဟု   USAID အာရှရေးရာလက်ထောက်အုပ်ချုပ်ရေးမှူး မိုက်ကယ်ရှစ်ဖာ (Michael Schiffer) က ပြောပါသည်။

ပညာသင်ဆု အခွင့်အလမ်းများအပြင် မြန်မာနိုင်ငံနှင့် ဒေသတွင်းနိုင်ငံများ၏ အဆင့်မြင့်ပညာရေး အခန်းကဏ္ဍများ ပိုမိုအားကောင်းလာစေရန်အတွက် ဒေသတွင်းမိတ်ဖက်အဖွဲ့အစည်းများကြား ပူးပေါင်းဆောင်ရွက်မှုများနှင့် အခြားသော အဆင့်မြင့်ပညာရေးဆိုင်ရာ အခွင့်အလမ်း အစီအစဉ်များကိုလည်း USAID က ပံ့ပိုးလုပ်ဆောင်ပေးလျက် ရှိပါသည်။ 

ဤ ပညာသင်ဆုအစီအစဉ်သည် မြန်မာနိုင်ငံသားများအတွက် အမေရိကန်ပြည်ထောင်စု၏ ရေရှည်ရင်းနှီးမြုပ်နှံမှု တစိတ်တပိုင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID)  ၏ လုပ်ငန်းဆောင်ရွက်မှုများအကြောင်း ပိုမိုသိရှိလိုပါက အင်တာနက်စာမျက်နှာ www.usaid.gov/burma တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး၊ @USAIDBurma Facebook နှင့် Twitter တို့မှာလည်း ဖတ်ရှုနိုင်ပါသည်။ ပညာသင်ဆုအကြောင်း အသေးစိတ်အချက်အလက်များကို www.usaiddip.com  အင်တာနက်စာမျက်နှာတွင် လေ့လာနိုင်ပါသည်။

Share This Page