ဘာသာစကား

USAID လို့သိကြတဲ့ အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီဟာ သုံးနှစ်တာစီမံကိန်းအသစ်ဖြစ်တဲ့ တီဘီကင်းစင်မြန်ပြည်တစ်ခွင် ရှေးရှုနိုင်ဖို့ ကြိုးစားစို့ စီမံကိန်းကို ၂၀၂၀ သြဂုတ်လမှာ စတင်အကောင်အထည်ဖော်နိုင်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။ မြန်မာနိုင်ငံက အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ပြည်ကြီးခင်ဟာ ဒီစီမံကိန်း အကောင်အထည်ဖော်ရာမှာ မိမိတို့ရဲ့ မိတ်ဖက်အဖွဲ့အစည်းဖြစ်ပါတယ်။ USAID ဟာ မြန်မာနိုင်ငံမှာ တီဘီရောဂါကင်းစင်ဖို့ ကြိုးပမ်းအားထုတ်မှုတွေကို ကူညီပံ့ပိုးပေးနေကြတဲ့ ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့တွေနဲ့  ၂၀၂၀ အောက်တိုဘာလတုန်းက အစည်းအဝေးတစ်ခုမှာ ဒီစီမံကိန်းအသစ်ကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနသို့ စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ အစည်းအဝေးမှာ ရောဂါကာကွယ်ထိန်းချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန္တာလွင်နဲ့အတူ USAID ရဲ့ ဌာနေညွှန်ကြားရေးမှုး အလဲဂရပ်ဘ်စ်နဲ့ ကျွန်တော်တို့ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

ဒေါက်တာသန်းထွန်းအောင် ပြောသွားသလို ဒီစီမံကိန်းဟာ မြန်မာနိုင်ငံ၊ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေး အစီအစဥ်ရဲ့ ရည်ရွယ်ချက်တွေကို အောင်မြင်စေဖို့အတွက် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနတို့နဲ့ ပူးပေါင်းဆောင်ရွက်မှုအပေါ်မှာ ထပ်လောင်းတည်ဆောက်ထားတာပါ။ USAID ရဲ့ Essential Health စီမံကိန်းရဲ့ အစိတ်အပိုင်းအနေနဲ့ ဧရာဝတီတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနဲ့ ပူးပေါင်းပြီး USAID ရဲ့ လုပ်ငန်းတွေကို လူကြီးမင်းတို့တော်တော်များများ သိကောင်းသိနိုင်ပါတယ်။ မိခင်နဲ့ကလေးကျန်းမာရေး တိုးတက်ကောင်းမွန်လာစေဖို့ USAID Essential Health စီမံကိန်း နဲ့ ထိရောက်တဲ့ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုကို ပေါင်းစည်းစေခဲ့တဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်နဲ့ အဖွဲ့ကို ကျေးဇူးတင်ပါတယ်။ ခုဆိုရင် ဧရာဝတီတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနနဲ့ တီဘီရောဂါကာကွယ်တားဆီးဖို့ရယ်၊ ဒေသတွင်း ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေကိုပါ တိုးချဲ့ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်လာပါတယ်။

USAID မှာ မိမိတို့ပန်းတိုင်တွေထဲက တစ်ခုကတော့ လူကြီးမင်းတို့ပြည်သူတွေရဲ့ လိုအပ်ချက်ကို ပြည့်မှီစေဖို့အတွက် ဒေသန္တရဖြေရှင်းချက်တွေ ထွက်ပေါ်လာအောင် ရပ်ရွာပြည်သူတွေကို စွမ်းအားဖြည့်ပေးဖို့ မြန်မာအဖွဲ့အစည်းတွေနဲ့ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုတွေ တည်ဆောက်ဖို့ဆိုတာပဲ ဖြစ်ပါတယ်။ အများဆုံးလိုအပ်နေပြီး ဝန်ဆောင်မှုအရောက်အပေါက် နည်းလွန်းတဲ့ ပြည်သူတွေဆီကိုရောက်ရှိစေနိုင်တဲ့ အစီအစဥ်တစ်ခုကို ရေးဆွဲဖို့အတွက် ပြည်ကြီးခင်နဲ့ ၎င်းရဲ့မိတ်ဖက်အဖွဲ့အစည်းတွေဟာ အမျိုးသား တီဘီရောဂါတိုက်ဖျက်ရေးအစီအစဥ်၊ USAID တို့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။

ဒီစီမံကိန်းဟာ ရန်ကုန်တိုင်းဒေသကြီးရဲ့ ပဲခူးတိုင်းဒေသကြီးနဲ့  ဧရာဝတီတိုင်းဒေသကြီး အတွင်းက ရပ်ရွာအသိုင်းအဝိုင်းတွေမှာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဆိုပါတိုင်းဒေသကြီး သုံးခုဟာ မြန်မာနိုင်ငံ တီဘီရောဂါဖြစ်ပွားမှုရဲ့ ၇၀ ရာခိုင်နှုန်း ဖြစ်ပွားရာ နေရာဒေသတွေလည်း ဖြစ်ပါတယ်။ တီဘီကင်းစင်မြန်ပြည်တစ်ခွင် ရှေးရှုနိုင်ဖို့ ကြိုးစားစို့ စီမံကိန်းဟာ ဒေသရဲ့ လူဦးရေအထူထပ်ဆုံးဒေသ၊ ဖွံ့ဖြိုးဆဲဒေသ၊ မြို့ပြဒေသ၊ ဆင်ခြဖုံးဒေသနဲ့ ကျေးလက်ဒေသတွေမှာ ဧရာဝတီတိုင်းဒေသကြီးက သက်ဆိုင်ရာပုဂ္ဂိုလ်တွေအနေနဲ့ တီဘီရောဂါစစ်ဆေးခြင်း၊ ကာကွယ်ခြင်းနဲ့ ကုသခြင်းလုပ်ငန်းတွေ ပိုမိုလုပ်ဆောင်လာနိုင်အောင် ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။

ပြည်ကြီးခင်ဟာ တီဘီရောဂါတိုက်ဖျက်ဖို့အတွက် မတူကွဲပြားတဲ့အဖွဲ့အစည်းတွေဖြစ်တဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ၊ အစိုးရာဌာနတွေ၊ ပုဂ္ဂလိကကဏ္ဍ၊ ဘာသာရေးအဖွဲ့အစည်းတွေ၊ အခြားမိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာပါ။

တီဘီကင်းစင်မြန်ပြည်တစ်ခွင် ရှေးရှုနိုင်ဖို့ ကြိုးစားစို့ စီမံကိန်းဟာ ပြည်သူတွေရဲ့ သုခချမ်းသာအတွက် အရေးဆိုတိုက်တွန်းတဲ့နေရာမှာ ပိုမိုတက်ကြွတဲ့အခန်းကဏ္ဍကို ဆောင်ရွက်နိုင်ဖို့အတွက် တီဘီရောဂါကြောင့် ထိခိုက်ခံစားရတဲ့ ပြည်သူတွေကို စွမ်းအားမြှင့်တင်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ မိမိတို့ရပ်ရွာအသိုင်းအဝိုင်းက ပြည်သူတွေရဲ့ လိုအပ်ချက်ကို ပြည့်မှီစေတဲ့ တီဘီရောဂါဝန်ဆောင်မှုတွေနဲ့ထောက်ပံ့မှုတွေကို ရေးဆွဲအကောင်အထည်ဖော်တဲ့နေရာမှာ ပြည်သူတွေပါဝင်လာအောင် ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။ ပြည်ကြီးခင်နဲ့ ၎င်းရဲ့မိတ်ဖက်အဖွဲ့အစည်းတွေဟာ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေး အစီအစဥ်အတွက် ပိုမိုထိရောက်ပြီး ပစ်မှတ်ထားတဲ့ အဖြေတွေကို ပိုမိုရရှိစေဖို့ ရပ်ရွာအသိုင်းအဝိုင်းတွေ ချမှတ်တဲ့ ထိရောက်မှုသစ်လွှင်တီထွင်မှုတွေကို မှတ်တမ်းတင်ထားကြပါလိမ့်မယ်။

တီဘီကင်းစင်မြန်မာပြည်တစ်ခွင် ‌ရှေးရှုနိုင်ဖို့ ကြိုးစားစို့ စီမံကိန်းဟာ ကျန်းမာရေးဆိုင်ရာ အမေရိကန်-မြန်မာ ရေရှည်မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုရဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ USAID ရဲ့ ရုံးကို ၂၀၁၂ ခုနှစ်က မြန်မာနိုင်ငံမှာ ဖွင့်လှစ်လိုက်တဲ့အချိန်မှာ ကျန်းမာရေးဌာနအရာရှိတွေဟာ မိမိတို့ရုံးရဲ့ ပထမဆုံးသော ဝန်ထမ်းတွေဖြစ်ကြပါတယ်။ အထူးသဖြင့် တီဘီကင်းစင်မြန်မာပြည်တစ်ခွင် ‌ရှေးရှုနိုင်ဖို့ ကြိုးစားစို့ စီမံကိန်းဟာ တီဘီရောဂါကို မြင့်မားစွာခံနေကြရတဲ့ နိုင်ငံပေါင်း ၂၃ နိုင်ငံမှာ တီဘီရောဂါကိုကာကွယ်ဖို့နဲ့ တိုက်ဖျက်ဖို့ USAID ရဲ့ ကမ္ဘာလုံးဆိုင်ရာ “TB Accelerator” အစီအစဥ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ မိမိတို့ရဲ့ “TB Accelerator” အစီအစဥ်ဟာ တီဘီရောဂါကို ၂၀၃၅ ခုနှစ်မှာ အပြီးတိုက်ဖျက်နိုင်ဖို့ နိုင်ငံအများအပြားရဲ့ ကြိုးပမ်းအားထုတ်မှုကို ထောက်ပံ့လျှက်ရှိပါတယ်။

တီဘီရောဂါဖြစ်ပွားမှုလျှော့ချရာမှာ လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုအတွင်း မြန်မာနိုင်ငံဟာ သိသာတဲ့တိုးတက်မှုတွေကို လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ခိုင်မာတဲ့မိတ်ဖက်ပူးပေါင်းမှု၊ ကြိုးပမ်းမှုတွေနဲ့ဆိုရင် ဘယ်လောက်ထိ အောင်မြင်နိုင်တယ်ဆိုတဲ့အကြောင်းကို အာဆီယံဒေသမှာ လူကြီးမင်းတို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေကို ဥပမာတစ်ခုအနေနဲ့ မြန်မာနိုင်ငံက ပြသနေပါတယ်။ တီဘီရောဂါတိုက်ဖျက်ဖို့ လူကြီးမင်းတို့ရဲ့ ခိုင်မာတဲ့ကတိကဝတ်တွေအတွက် ဧရာဝတီတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနနဲ့ ဧရာဝတီတိုင်းဒေသကြီးက ပြည်သူတွေကို ကျေးဇူးတင်ပါတယ်။

တီဘီရောဂါကို ၂၀၃၅ ခုနှစ်မှာ အမြစ်ပြတ်တိုက်ဖျက်ဖို့ဆိုတဲ့ မြန်မာနိုင်ငံရဲ့ ပန်းတိုင်အစိတ်အပိုင်းအနေနဲ့ ဧရာဝတီတိုင်းဒေသကြီးမှာ တီဘီရောဂါကိုတိုက်ဖျက်ဖို့ မိမိတို့ရဲ့ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု အဆင့်သစ်တစ်ခုကို စတင်တော့မှာဖြစ်ပါတယ်။

 

Image
USAID/Burma