ဘာသာစကား

မြန်မာနိုင်ငံသည် ၂၀၁၆ ခုနှစ်တွင် အရပ်သားဦးဆောင်သည့် အစိုးရထံသို့ ငြိမ်းချမ်းစွာအာဏာလွှဲပြောင်း ပေးအပ်ခဲ့ပြီးနောက်ပိုင်း စိန်ခေါ်မှုများသော ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှု ဖြစ်စဥ်အတွင်း စတင်လျှောက်လှမ်းခဲ့သည်။ ၂၀၂၁ ဖေဖော်ဝါရီ ၂ ရက်နေ့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဖေဖော်ဝါရီလ ၁ ရက်နေ့က ရွေးကောက်တင်မြှောက်ခံထားရသော အစိုးရခေါင်းဆောင်များကို ဖြုတ်ချခဲ့သည့် မြန်မာစစ်တပ်၏ လုပ်ဆောင်ချက်များမှာ စစ်အာဏာသိမ်းမှုဖြစ်သည်ဟု အကဲဖြတ်ခဲ့သည်။ USAID သည် ဒီမိုကရေစီတန်ဖိုးများကို အားဖြည့်ပေးရန်နှင့် မြန်မာနိုင်ငံတွင် လူတိုင်းအတွက်အားလုံးပါဝင်ပြီး ချမ်းသာကြွယ်ဝသောအနာဂတ်ကို ဖန်တီးနေကြသည့် မြန်မာပြည်သူများကို ထောက်ပံ့ရန်အတွက် မြန်မာနိုင်ငံမှ အရပ်ဖက်လူ့အဖွဲ့အစည်းများ၊ ဒေသန္တရအဖွဲ့အစည်းများနှင့် အခြားမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ကိုင်လျှက်ရှိသည်။

USAID သည် လူ့အခွင့်အရေးကို မြှင့်တင်ကာကွယ်ပေးခြင်း၊ ပဋိပက္ခကို လျော့ပါးစေခြင်း၊ ဒီမိုကရေစီဖြစ်စဥ်ကို ထောက်ပံ့ပေးခြင်း၊ ဝန်ဆောင်မှုနည်းပါးလွန်းပြီး အခွင့်အရေးမရသည့် လူမှုအသိုင်းအဝိုင်းများအတွက် အသက်ကယ်ဝန်ဆောင်မှုများကို ပိုမိုလက်လှမ်းမှီစေခြင်းများ ဆောင်ရွက်ပေးလျှက်ရှိသည်။ USAID သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ထိခိုက်လွယ်သော အသိုင်းအဝိုင်းများကို ဖွံ့ဖြိုးရေးစိန်ခေါ်မှုများအား ကျော်လွှားနိုင်ရန်အတွက် ကူညီပေးလျှက်ရှိသည်။ USAID သည် အခြေခံအခွင့်အရေးများကျင့်သုံးမှုကို တိုးမြှင့်ရန်လည်းကောင်း၊ အားလုံးပါဝင်နိုင်သည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အားဖြည့်ရန်လည်းကောင်း၊ ကျန်းမာရေးရလာဒ်များ ပိုမိုကောင်းမွန်လာစေရန်လည်းကောင်း၊ ကိုဗစ်-၁၉၊ အိပ်ချ်အိုင်ဗွီ၊ ငှက်ဖျားနှင့် တီဘီရောဂါများကဲ့သို့သော နိုင်ငံဖြတ်ကျော်ကျန်းမာရေးခြိမ်းခြောက်မှုများကို လျှော့ချရန်အတွက်လည်းကောင်း လုပ်ဆောင်လျှက်ရှိသည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေး

လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများနှင့် အင်အားအသုံးပြုခြင်းများသည် မြန်မာနိုင်ငံ၏အနာဂတ်ကို ကြံ့ကြံ့ခံတွန်းလှန်နိုင်သော ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းဖြစ်လာစေရန်မှ ခြိမ်းခြောက်လျှက်ရှိသည်။ USAID သည် သည်းခံမှုနှင့်အားလုံးပါဝင်နိုင်မှုကို မြှင့်တင်ပြီး၊ ရခိုင်ပြည်နယ်တွင်အပါအဝင် လူအုပ်စုချင်း ပဋိပက္ခဖြစ်မှုကိုဖြေရှင်းသည့် ကြိုးပမ်းချက်များတွင် ပြည်သူများပါဝင်လာရေးကို အားပေးလုပ်ဆောင်သည်။ ၂၀၁၇ နှင့် ၂၀၂၀ ခုနှစ် အတွင်း USAID သည် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးအတွက် အထောက်အပံ့ပေးသည့် သင်တန်းပေးမှုနှင့် ပွဲကျင်းပမှုပေါင်း ၁၅၀၀ ကို ငွေကြေးထောက်ပံ့ခဲ့ပြီး ပဋိပက္ခဖြေရှင်းရေးစွမ်းရည်များ တိုးတက်လာစေရန် ဒေသန္တရအဖွဲ့အစည်းပေါင်း ၂၅၈ ဖွဲ့ကို လေ့ကျင့်သင်တန်းပေးခဲ့သည်။ သို့ရာတွင် ယခုအချိန်ထိ အာဏာရှင်အစိုးရ၏ အစဥ်အလာမှပေါ်ပေါက်လာသော ဖွံ့ဖြိုးရေးစိန်ခေါ်မှုများ၊ တရားစီရင်ရေးစနစ်၏ အကန့်အသတ်ရှိသော သီးခြားလွတ်လပ်မှုနှင့် အခြေခံလွတ်လပ်ခွင့်များအပေါ် ဖိနှိပ်မှုများသည် စိန်ခေါ်မှုဖြစ်လျှက်ရှိနေတုန်းပင် ဖြစ်သည်။ အရပ်ဖက်လူမှုအဖွဲ့အစည်းများကို စွမ်းရည်မြှင့်တင်ရန်နှင့် အခြေခံလွတ်လပ်ခွင့်များကို ရရှိစေရန်အတွက် USAID သည် ဘက်မလိုက်သတင်းပေးပို့မှုနှင့် ပတ်သက်ပြီး လွတ်လပ်သည့်မီဒီယာပေါင်း ၂၅၅ ခုကို လေ့ကျင့်ပေးခဲ့ပြီး၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုအတွက် အရေးဆိုတိုက်တွန်းပေးကြမည့် အရပ်ဖက်လူမှုအဖွဲ့အစည်းပေါင်း ၂၃၅ ဖွဲ့၏ စွမ်းရည်ကိုလည်း မြှင့်တင်ပေးခဲ့သည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု

USAID သည် ပဋိပက္ခကို ဖြစ်ပွားစေသည့် အကြောင်းရင်းခံ စီးပွားရေးဆိုင်ရာ ပြသာနာများကို ဖြေရှင်းပေးခြင်း၊ လူမှုအသိုင်းအဝိုင်းများကြား စီးပွားရေးချိတ်ဆက်မှုများကို ဖန်တီးပေးခြင်းဖြင့် ဒီမိုကရေစီတွေ့ဆုံဆွေးနွေးပွဲများကို မြှင့်တင်ခြင်း၊ ကျယ်ပြန့်သော မိတ်ဖက်အဖွဲ့အစည်းအမျိုးမျိုးနှင့် တာဝန်သိပြီး ပွင့်လင်းမြင်သာသော စီးပွားရေးကို မြှင့်တင်ပေးခြင်းများ လုပ်ဆောင်လျက်ရှိသည်။ ၂၀၁၈ ခုနှစ်မှစ၍ စိုက်ပျိုးရေးကဏ္ဍတွင် USAID ၏ ရင်းနှီးမြှုပ်နှံမှုများသည် ရခိုင်၊ ကချင်နှင့် ရှမ်းပြည်နယ်များမှ ဘေးဖယ်ခံပြည်သူများအတွက်အပါအဝင် အိမ်ထောင်စုပေါင်း ၆၇၀,၀၀၀ ကျော်ကို အကျိုးဖြစ်ထွန်းအောင် ကူညီပေးခဲ့ပြီး၊ ဝင်ငွေပိုကောင်းလာစေသည့် တိုးတက်လာသောနည်းပညာများကို အသုံးပြုရန် အားပေးခဲ့သည်။

ကျန်းမာရေး

ပဋိပက္ခဘေးသင့်သည့်အသိုင်းဝိုင်းများ၊ ဆင်ခြေဖုံးရွှေ့ပြောင်းရပ်ကွက်များတွင် နေထိုင်နေကြသည့် သန်းပေါင်းများစွာသော မြန်မာပြည်သူများသည် အခြေခံကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမမှီကြပေ။ USAID သည် ဝန်ဆောင်မှုအရောက်အပေါက်နည်းသည့် ဒေသများတွင် စီမံကိန်းများ ဆောင်ရွက်လျက်ရှိပြီး၊ မိခင်နှင့်ကလေးသေဆုံးမှုကိုလျှော့ချရန်အတွက် ကျန်းမာရေးစောင့်လျှောက်မှုကို ပိုမိုလက်လှမ်းမှီစေကာ၊ ကိုဗစ်-၁၉၊ အိပ်ချ်အိုင်ဗွီ၊ ငှက်ဖျားနှင့် တီဘီရောဂါတို့ကဲ့သို့သော ကူးစက်ရောဂါများ၏ နယ်စပ်ဖြတ်ကျော်ကျန်းမာရေးအန္တရာယ်များကို လျှော့ချပေးနေသည်။ USAID ထောက်ပံ့မှုများ၏ တစိတ်တပိုင်းကြောင့် မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ်မှစတင်၍ ငှက်ဖျားရောဂါဖြစ်ပွားမှု ၈၈ ရာခိုင်နှုန်းကျဆင်းလာခဲ့ပြီး ငှက်ဖျားရောဂါကြောင့်သေဆုံးမှု ၉၆ ရာခိုင်နှုန်းကျဆင်းလာသည်ကို မှတ်တမ်းတင်နိုင်ခဲ့သည်။ USAID သည် HIV/AIDS နှင့် တီဘီရောဂါ ကာကွယ်ရေး၊ ရောဂါရှာဖွေရေးနှင့် ကုသရေးတိုးအတွက် တိုက်တွန်းအရေးဆိုခြင်း၊ လေ့ကျင့်သင်တန်းပေးခြင်း၊ ထောက်ပံ့ခြင်းများပြုလုပ်နိုင်ရန် အရပ်ဖက်လူမှုအဖွဲ့အစည်းကွန်ရက်ကို ကူညီပံ့ပိုးပေးထားသည်။ ကုသမှုစတင်ခဲ့ကြသော ဆေးယဥ်ပါးတီဘီရောဂါရှိသည့်လူနာရာခိုင်နှုန်းမှာ ၂၀၁၁ ခုနှစ်တွင် ၂၄ ရာခိုင်နှုန်းမှ ၂၀၂၀ တွင် ၉၆ ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့သည်။

Image
A woman wearing a face mask installs a COVID-19 social distancing poster in a village in Kayin State
ကိုဗစ်-၁၉ အသိပညာပေး ပိုစတာများအား ကရင်ပြည်နယ်ရှိ ကျေးရွာများတွင် လိုက်လံကပ်ထားစဥ်
Photo credit: Hong Sar/PACT Myanmar