ဘာသာစကား

၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်ကြားကာလအတွင်း  မြန်မာနိုင်ငံသည် ကျန်းမာရေးကဏ္ဍတွင် သိသိသာသာ တိုးတက်ပြောင်းလဲခဲ့သည်။  ကိုဗစ်-၁၉ ကပ်ရောဂါသည် ဤကဲ့သို့သော တိုးတက်အောင်မြင်မှုများကို လျော့ကျစေခဲ့ရုံသာမက (၂၀၂၁) ခုနှစ် စစ်အာဏာသိမ်းမှုသည်လည်း နိုင်ငံ၏ ပြည်သူ့ကျန်းမာရေးစနစ်ကို ဆိုးဆိုးရွားရွား ပြိုလဲစေခဲ့ပြီး ကျန်းမာရေးဝန်ဆောင်မှုများ ရရှိနိုင်မှုနှင့် လက်လှမ်းမှီနိုင်မှုတို့ကို သိသိသာသာ လျော့ကျစေခဲ့ပါသည်။ လုပ်ငန်းများဆောင်ရွက်ရန် လွန်စွာခက်ခဲသော ပတ်ဝန်းကျင်တွင် ရှိနေသည့် မြန်မာပြည်သူများ၏ ကျန်းမာရေးဆိုင်ရာ အရေးပေါ်လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် USAID သည် နိုင်ငံတော် ပြည်သူ့ကျန်းမာရေးကဏ္ဍအတွက် ရည်ရွယ်ထားသောအထောက်အပံ့ အရင်းအမြစ်များကို အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ ရပ်ရွာလူထုအခြေပြုအဖွဲ့အစည်းများ၊ တိုင်းရင်းသားလူမျိုးများ၏ ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကဆေးခန်းများနှင့် ဆေးဆိုင်များသို့ ပြန်လည်ပြောင်းရွှေ့ ထောက်ပံ့ပေးခဲ့သည်။ USAID စီမံကိန်းများသည် မိခင်နှင့်ကလေး သေဆုံးမှုကို လျှော့ချရန်၊ ခုခံအားကျဆင်းမှုရောဂါ (HIV)၊ ငှက်ဖျား၊ တီဘီကဲ့သို့သော ကူးစက်တတ်သောရောဂါများနှင့် ဖြစ်ပေါ်လာနေသော ကူးစက်ရောဂါ ခြိမ်းခြောက်မှုများကို တိုက်ဖျက်ရန်အတွက် အဆိုပါဒေသခံမိတ်ဖက် အဖွဲ့အစည်းများမှတဆင့် ကျန်းမာရေးစောင့်ရှောက်မှုများကို တိုးချဲ့ပံ့ပိုးပေးလျက် ရှိပါသည်။ 

လူ့အသက်ကယ်နိုင်သော ကျန်းမာရေးဝန်ဆောင်မှုများ လက်လှမ်းမှီရရှိရေးကို မြှင့်တင်ခြင်း

ကျန်းမာသော ပြည်သူလူထုတစ်ရပ်သည် ဒီမိုကရေစီစနစ်ဖြစ်ထွန်းပြီး သာယာဝပြောသော အနာဂတ် မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးသည်။ အာဏာသိမ်းလိုက်သည့်အချိန်မှစ၍ ကျန်းမာရေးဆိုင်ရာ အဆောက်အဦးများနှင့် စနစ်များသည် ကျန်းမာရေးလုပ်သားများ/ပညာရှင်များ အာဏာသိမ်းမှုကို ဆန့်ကျင်၍ အလုပ်မှ ထွက်ခွာ သွားကြခြင်း၊ ကျန်းမာရေးဆိုင်ရာ အဆောက်အဦးများ ဝင်ရောက်စီးနင်းတိုက်ခိုက်ခံရခြင်း၊ ကျန်းမာရေးလုပ်သားများ/ပညာရှင်များ ဖမ်းစီးချုပ်နှောင်ခံရခြင်းတို့အပါအဝင် ဖိအားများစွာ ကြုံတွေ့လာခဲ့ရသည်။ USAID သည် ဒေသန္တရကျန်းမာရေးစနစ်များ၏ အုပ်ချုပ်ရေး အားကောင်းစေရန် မိတ်ဖက်အဖွဲ့အစည်းများနှင့် အနီးကပ်လုပ်ဆောင်လျက်ရှိပြီး ၎င်းတို့၏ လူမှုအသိုင်းအဝိုင်းများရှိ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်အမျိုးမျိုးကို ဖြည့်တင်းနိုင်ရန်အတွက် ကွင်းဆင်းကျန်းမာရေးလုပ်သားများကို စွမ်းရည်မြှင့်တင်ပေးလျက် ရှိပါသည်။ USAID စီမံကိန်းများသည်လက်လှမ်းမှီရရှိမှုနည်းပါးပြီး အန္တရာယ်စက်ကွင်းထဲနေရသူများအတွက် လူ့အသက်ကယ်တင်နိုင်သော ကျန်းမာရေးဝန်ဆောင်မှုများကို ထောက်ပံ့ပေးလျက် ရှိသည်။ ထို့အပြင် ရပ်ရွာလူမှုအသိုင်းအဝိုင်းများအနေဖြင့် ကိုယ်ပိုင်ကျန်းမာပျော်ရွင်သော ဘဝကို ရရှိနိုင်ရန်၊ ကျန်းမာရေးနှင့်ညီညွတ်သော အမူအကျင့်များအား ချမှတ်လုပ်ဆောင်နိုင်ရန်၊ လူ့အသက်ကယ်တင်နိုင်သော ကျန်းမာရေးစောင့်ရှောက်ရေးဝန်ဆောင်မှုများကို အသုံးပြုနိုင်ရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် တက်တက်ကြွကြွ ပူးပေါင်းလုပ်ဆောင်နိုင်ရန်အတွက် တိုက်တွန်းအရေးဆိုမှုများမှတဆင့် ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးကို မြှင့်တင်နိုင်ရန် ရပ်ရွာလူမှုအသိုင်းအဝိုင်းများကို စွမ်းရည်မြှင့်တင်ပေးလျက် ရှိပါသည်။

တီဘီ (TB) ရောဂါ

တီဘီ (TB) ရောဂါသည် မြန်မာနိုင်ငံတွင် ဖျားနာမှုနှင့် အရွယ်မတိုင်မီသေဆုံးမှုကို ဖြစ်စေသော ပင်မအကြောင်းအရင်းတစ်ခုဖြစ်ပြီး အဓိကအားဖြင့် လူဦးရေအလွန်ထူထပ်သော မြို့ပြများတွင် ပျံ့နှံ့လျက် ရှိသည်။ အာဏာသိမ်းပြီးချိန်မှစ၍ တီဘီရောဂါကူးစက်မှုသည် (၁၇) ရာခိုင်နှုန်းခန့် တိုးမြင့်လာပြီး ၎င်းရာခိုင်နှုန်းသည် နှစ်စဥ် လူဦးရေ (၂၀၀,၀၀၀) ကျော်ကို ကိုယ်စားပြုသည်။ USAID သည် ကျန်းမာရေးဝန်ဆောင်မှုပေးနေသော လမ်းကြောင်းများကို တိုးချဲ့ဆောင်ရွက်နေပြီး ရရှိနိုင်သော ကျန်းမာရေး ဝန်ဆောင်မှုများနှင့် လူနာများအကြား ချိတ်ပေးခြင်းဖြင့် တီဘီရောဂါ ကြိုတင်ကာကွယ်ရေး၊ ရောဂါရှာဖွေစစ်ဆေးရေးနှင့် ကုသရေးဝန်ဆောင်မှုများကို ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် USAID သည် လူနာများထံ တိုက်ရိုက်ကျန်းမာရေးဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် ရပ်ရွာလူမှုအသိုင်းအဝိုင်းရှိ လုပ်သားများကို အသုံးပြုခြင်း၊ ရွေ့လျားဆေးခန်းများ အသုံးပြုခြင်း၊ တီဘီရောဂါ ခံစားနေကြရသူများ၏ ကွန်ရက်များကို အသုံးပြုခြင်းနှင် နည်းပညာများ အသုံးပြုခြင်းစသည့်  ဆန်းသစ်သော နည်းလမ်းများကို တိုးချဲ့လုပ်ဆောင်လျက် ရှိပါသည်။ 

ခုခံအားကျဆင်းမှုရောဂါ (HIV)

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် အိတ်(ချ်)အိုင်ဗွီ (HIV) ပိုးကူးစက်ခံရသူအရေအတွက် တတိယအများဆုံးနိုင်ငံဖြစ်ပြီး သွေးကြောထဲမူးယစ်ဆေးဝါးထိုးသွင်းသူများ၊ လိင်တူဆက်ဆံသည့်အမျိုးသားများနှင့် လိင်လုပ်သားများကြောင့် ဤရောဂါကူးစက်မှုအဓိက ပျံ့နှံ့ရခြင်းဖြစ်သည်။ USAID သည် ရောဂါကူးစက်နိုင်ခြေမြင့်မားသူများကို အိတ်(ချ်)အိုင်ဗွီ (HIV) ပိုးကူးစက်မှုမှ ကြိုတင်ကာကွယ်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသရေးဝန်ဆောင်မှုများကို ဘက်စုံလွှမ်းခြုံသည့် ပုံစံဖြင့် ထောက်ပံ့ပေးလျက်ရှိပြီး ရောဂါပိုး ကူးစက်ခံစားနေကြရသူများကို စိတ်ကျန်းမာရေးနှင့် လူမှုစိတ်ပိုင်းဆိုင်ရာ တိုက်ရိုက်ပံ့ပိုးမှုများ အပါအဝင် အခြားဝန်ဆောင်မှုများ ပံ့ပိုးပေးနိုင်ရန်အတွက် ရပ်ရွာလူထုအခြေပြုအဖွဲ့များကို ကူညီထောက်ပံ့ပေးလျက် ရှိပါသည်။ 

ငှက်ဖျားရောဂါ

အာဏာမသိမ်းခင် ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံသည် ငှက်ဖျားရောဂါတိုက်ဖျက်ရေးနှင့် ပတ်သက်၍ တိုးတက်မှု တည်ငြိမ်စွာ ရရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှုန်းသည် (၁၇၀) ရာခိုင်နှုန်းခန့်ထိ တိုးမြင့်လာခဲ့သည်။ ယခုအခါတွင် မြန်မာနိုင်ငံသည် ဒေသတွင်းနိုင်ငံများကြား ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်လျက်ရှိသည့် တစ်ခုတည်းသော နိုင်ငံ ဖြစ်သည်။ မိတ်ဖက်အဖွဲ့အစည်းများနှင့် အနီးကပ်လုပ်ဆောင်ခြင်းအားဖြင့် USAID သည် ဦးစားပေးမြို့နယ် (၃၁) မြို့နယ်တွင် ငှက်ဖျားရောဂါဖြစ်ပွားနှုန်း မြင့်မားလာမှုကို တိုက်ဖျက်ရန်အတွက် ကြိုတင်ကာကွယ်ခြင်း၊ ရောဂါရှာဖွေခြင်း၊ ကုသခြင်းနှင့် အနီးကပ်စောင့်ကြည့်လေ့လာခြင်းစသည့် ဆောင်ရွက်ချက်များအားလုံးကို တစ်စုတစည်းတည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ 

မိခင်၊ မွေးကင်းစကလေးငယ်နှင့် ကလေးကျန်းမာရေးစောင့်ရှောက်မှု (MNCH)

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် မိခင်၊ မွေးကင်းစကလေးငယ်နှင့် ကလေးသေဆုံးမှုနှုန်း အမြင့်ဆုံး ဖြစ်သည်။ ထိခိုက်လွယ်ပြီး ၀န်ဆောင်မှုလက်လှမ်းမမီသော အမျိုးသမီးများနှင့် ကလေးသူငယ်များအတွက် မိခင်ကလေးကျန်းမာရေး၀န်ဆောင်မှုများ ပိုမိုရရှိအောင်၊ ပိုမိုအကုန်အကျနည်းအောင် ၊ ပိုမိုအသုံးပြုနိုင်အောင် USAID မှ လက်တွေ့အသုံးချနည်းပညာများ၊ ရပ်ကျေးကျန်းမာရေးလုပ်သားများ၊ အဆင့်မြင့် ဆေးရုံဆေးခန်း စံနှုန်းများ၊ ပုဂ္ဂလိကကဏ္ဍနှင့် ရပ်ရွာလူထုထိတွေ့ဆက်ဆံမှုများမှတဆင့် ဆောင်ရွက်ပေးလျက် ရှိပါသည်။ ကျွန်ုပ်တို့၏ စီမံကိန်းများသည် ကိုယ်ဝန်ဆောင်ကာလ စောင့်ရှောက်ပေးခြင်း၊ ကလေးမွေးဖွားရာတွင် ကျွမ်းကျင်သူများဖြင့် မွေးဖွားစေခြင်း၊ မွေးဖွားပြီးနောက် ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်း၊ ကလေးသူငယ်များတွင် အဖြစ်များသည့် ရောဂါများကို ဂရုပြုစောင့်ကြည့်ပေးခြင်း၊ ကလေးများအား ကာကွယ်ဆေးထိုးပေးခြင်းနှင့် စိတ်ကျန်းမာရေးဝန်ဆောင်မှုထောက်ပံ့ပေးခြင်းတို့အပါအဝင် လူ့အသက်ကယ်တင်နိုင်သော ကျန်းမာရေးဝန်ဆောင်မှုများ ပံ့ပိုးပေးလျက် ရှိပါသည်။ 

ဆက်သွယ်ရန် - ထပ်မံသိရှိလိုသော သတင်းအချက်အလက်များအတွက် ကျေးဇူးပြု၍ usaid.gov/burma တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ 

 

Image
 ဓာတ်ခွဲခန်းတစ်ခုတွင် တီဘီရောဂါစစ်ဆေးမှုများ ပြုလုပ်နေသည့် ဆေးပညာရှင်
ဓာတ်ခွဲခန်းတစ်ခုတွင် တီဘီရောဂါစစ်ဆေးမှုများ ပြုလုပ်နေသည့် ဆေးပညာရှင်